Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Missionaries of St. Paul Sisters MSP

#Franciscan Sisters of St. Aloysius Gonzaga FSAG
#စိန့်အလွိုက်ရှက်စ်သီလရှင်များအသင်းဂိုဏ်းစတင်ဖြစ်ပေါ်လာပုံ

စိန့်အလွိုက်ရှက်စ် သီလရှင်များအသင်းဂိုဏ်းစတင်ဖြစ်ပေါ်လာပုံသည်ကား နိုင်ငံရေးသမိုင်း၊ ဘာသာရေးသမိုင်းတို့နှင့် အနည်းငယ်ဆက်နွယ်လျက်ရှိသည်။

၁၈ ရာစုအစောပိုင်းမှသည် ၁၉ ရာစုအစောပိုင်းထိ ကာလများသည် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံ အများစု၌ သွေးချောင်းစီးသည့် အာဏာလုပွဲများ၊ လူမျိုးသားရေးပဋိပက္ခများနှင့် ရှုပ်ထွေးပြည့်နှက်နေချိန်ဖြစ်ရာ၊ အမိအသင်းတော်ကြီးသည် ခရစ်တော်၏ တရားဒေသနာဟောကြားခြင်း အမှုတော်ကို ကမ္ဘာ့အရှေ့ဘက်ခြမ်းနိုင်ငံများတွင် ဆောင်ရွက်ရန်ဦးတည်ခဲ့သည်။ ထိုအချိန်တွင် သာသနာပိုင် ပုပ်ရဟန်း မင်းကြီးမှ သာသနာပြု တာဝန်ကို ဂျေးဇွစ်ဘုန်းတော်ကြီးများအားပေးအပ်ခဲ့ရာ ဂျေးဇွစ်ဘုန်းတော်ကြီး များသည် အိန္ဒိယနိုင်ငံရှိ မွန်ဒီချယ်ရီ ကိုမိမိတို့၏သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ရာဗဟိုအချက်အချာအဖြစ် သတ်မှတ်အခြေချခဲ့ကြသည်။

အိန္ဒိယသို့ ရောက်ရှိလာ သောသာသနာပြု ဘုန်းတော်ကြီးများသည် ထိုအချိန်ကအိန္ဒယပြည်သူပြည်သားတို့၏ ဆိုးဝါးလှစွာဆင်းရဲ နိမ့်ကျလျက်ရှိသော လူမှုရေး၊ စီးပွား ရေးအခြေအနေများကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာတွေ့မြင်ခဲ့ကြရသည်။ ပညာရေးကို လူနည်းစု ဖြစ်သော အထက်တန်းလွှာလူတန်းစားများသာ သင်ယူခွင့်ရှိပြီးဖိနှိပ်ခံ ဆင်းရဲသားလူတန်းစားများမှာ ပညာသင်ကြားခွင့်မရကြချေ။ ကလေးဘဝကပင် လက်ထပ်ထိမ်းမြားပေးစားခြင်းသည် ၎င်းတို့၏ရိုးရာဓလေ့ထုံးစံတစ်ခုဖြစ်ရုံမက ခင်ပွန်းသည်ယောက်ျား သေဆုံးသွားလျှင် ကျန်ရစ်သူဇနီးသည်က ထိုသူနှင့်အတူလိုက်၍သေရသည့် ဆာတီခေါ်စနစ်မှာလည်း ထိုအချိန်တိုင်အောင် ကျင့်သုံးနေဆဲဖြစ်သည်။

နောက်တဖန် အိမ်ထောင်ပြုခြင်းကိုလည်းကျပ်တည်းစွာတားမြစ်ထား၍ အရွယ်မတိုင်မီမုဆိုးမဖြစ်နေရရှာသော ကလေးမုဆိုးမ များစွာရှိနေသည်ကိုမြင်တွေ့ခဲ့ကြရသည်။ လူမျိုးရေး၌ ဇာတ်အနိမ့်၊ အမြင့်ခွဲခြားသည့်စနစ်မှာလည်း လူမှုရေးဇာတ်ခုံပေါ်တွင် လွှမ်းမိုးလျက်ရှိသည်။ ထိုရင်နာဖွယ် အခြေအနေဆိုးများက သာသနာပြုများ၏ ကရုဏာသနားစိတ်ကို နိုးကြားထကြွစေခဲ့ပြီး လူမှုရေး လှုပ်ရှားမှုလုပ်ငန်းများတွင် ပါဝင်လာစေရန် လှုံ့ဆော်ပေးခဲ့သည်။

ထိုအချိန်တွင် ဂျေးဇွစ်ဘုန်းတော်ကြီး ဖာသာရ်ဂါစတွန်းလောရ်န် ကာဗားဒေါ့စ်သည် အပေါင်းပါသာသနာပြုများနှင့်အတူ ဘာသာရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြင်သစ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ရေလမ်းခရီးဖြင့်ခရီးထွက်ခွာလာခဲ့ကြသည်။ လမ်းခရီးတွင် ရုတ်တရက်လေပြင်းမုန်တိုင်းမိ၍ သင်္ဘောမှာအန္တရယ်မှလွတ်နိုင်ဖွယ်ရာမရှိသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ထိုသို့ဒုက္ခနှင့် ရင်ဆိုင်နေရစဉ် တွင်ဘုန်းတော်ကြီး ကာဗားဒေါ့စ်သည် မိမိတို့၏သင်္ဘော ဘေးကင်းစွာနှင့် ကမ်းခြေဆိုက်ရောက်နိုင်စေရန်အတွက် ဘုရားသခင်ထံဆုတောင်းခဲ့ပြီး အကယ်၍ဆိုက်ရောက်ပါက သီလရှင်ဂိုဏ်းတစ်ခုကို တည်ထောင်၍အစွန့်ပစ်ခံရသည့် ကလေးများ အတွက်လည်း မိဘမဲ့ဂေဟာတစ်ခုတည်ဆောက်မည်ဟူ၍ ကတိထားခဲ့သည်။ မကြာမီပင် သင်္ဘောသည်ကမ်းခြေသို့ ကောင်းမွန်စွာ ရောက်ရှိလာခဲ့သည့်အတွက် ဘုန်းတော်ကြီးမှာ မိမိ၏ကတိအတိုင်းသီလရှင်ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည်။ ထိုဂိုဏ်းမှာ ကာမဲလိုက်သီလရှင်ဂိုဏ်းတစ်ခုဖြစ်သည်။ သို့သော်လည်း ဘုန်းတော်ကြီးဖာသာရ် ကာဗားဒေါ့စ်သည် မိမိ၏များပြားလှသော အလုပ် တာဝန်များကြောင့် မိဘမဲ့ဂေဟာတည်ထောင်ရန်ဟူသော မိမိ၏ဒုတိယကတိကိုဖြည့်စွက်ရန် အခြေအနေမရရှိခဲ့ပေ။ ထို့ကြောင့် (၁၇၇၁) ခုနှစ်တွင် ပွန်ဒီချယ်ရီသို့ သာသနာပြုရန်အတွက် ရောက်လာသော ဖာသာရ်မိုက်ကယ်အန်ဆဲလ်ဒိုးအား ဤတာဝန်ကို ပေးအပ်ခဲ့သည်။ ဖာသာရ်မိုက်ကယ်အန်ဆဲလ်ဒိုးသည် ဇွဲ၊လုံ့လကြီးစွာနှင့်ဤတာဝန်ကို အောင်မြင်စွာအကောင်အထည်ဖော် နိုင်ခဲ့ရုံမျှမက သီလရှင်ဂိုဏ်းတစ်ခု ဖြစ်လာသည်အထိ ကြိုးစားဆောင်ရွက်သွားခဲ့သည်။

#အသင်းဂိုဏ်းကိုတည်ထောင်သူ ဘုန်းတော်ကြီး မိုက်ကယ်အန်ဆဲလ်ဒိုးလ်

ဖာသာရ်မိုက်ကယ်အန်ဆဲလ်ဒိုးကို သက္ကရာဇ် ၁၇၃၉ ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် အီတလီနိုင်ငံစစ္စလီကျွန်းရှိ မဲစီနာမြို့ တွင်ဖွားမြင်ခဲ့သည်။ ဘာသာတရားကိုရိုသေကိုင်းရှိုင်းသော အန်ဆဲလ်ဒိုးသည် ၁၈၅၄ ခုနှစ်တွင် ဂျေးဇွစ်အသင်းဂိုဏ်းသို့ဝင်ပြီး ရဟန်း တစ်ပါးဖြစ်လာခဲ့သည်။ အရှေ့တိုင်းနိုင်ငံများသို့သွားရောက်၍ ဧဝံဂေလိတရားဟောကြားရန် အစကနဦးကပင် စိတ်အားထက်သန် သူတစ်ဦးဖြစ်၍လည်း ၁၇၇၁ ခုနှစ်တွင် သာသနာပြုတစ်ဦးအဖြစ် အိန္ဒိယနိုင်ငံသို့ စေလွှတ်ခြင်းခံရသောအခါ သူ၏မျှော်မှန်းချက်များ ပြည့်ဝခဲ့သည်။ ပွန်ဒီချယ်ရီတွင် မိဘမဲ့ဂေဟာတစ်ခု ဖွင့်လှစ်ထူထောင်ရန်တာဝန်ကို ဖာသာရ်ဗားဒေါ့စ်မှအပ်နှင်းခဲ့သည်။ ဖာသာရ်အဲန်ဆဲလ်ဒိုးလ် ကိုယ်တိုင်လည်း အိန္ဒိယနိုင်ငံတောင်ပိုင်းသို့ ရောက်သွားသောအချိန်၌ စွန့်ပစ်ခြင်းခံရသော ဇာတ်နိမ့်သည့်မိဘမဲ့ကလေးများနှင့် ကလေးဘဝမှလက်ထပ်ထားရသည့် ဓလေ့ထုံးစံကြောင့်အရွယ်မတိုင်မီ မုဆိုးမဖြစ်နေ ကြရရှာသော မိန်းကလေးများစွာ ရှိနေသည်ကိုတွေ့မြင်ခဲ့ရ၍ ထိုကလေးများ၏ ဘဝများအတွက်လုံခြုံမှုနှင့် ကာကွယ်မှုပေးရန်စိတ် ဆန္ဒရှိခဲ့သည်။

ထို့ကြောင့် သက္ကရာဇ် ၁၇၇၅ ခုနှစ်တွင် ရဟန္တာအလွိုက်ရှက်စ်အမည်ဖြင့် မိဘမဲ့ဂေဟာတစ်ခုကိုဖွင့်လှစ်ကာ ဆင်းရဲသားမိဘမဲ့ ကလေးများနှင့် မုဆိုးမများအား ထိုနေရာတွင်ခေါ်ဆောင်ထားပြီး ကြည့်ရှုစောင့်ရှောက်ပေးနေခဲ့သည်။ ဘုန်းတော်ကြီး၏ ရည်ရွယ်ချက်မှာ ထိုစွန့်ပစ်ခံမိဘမဲ့ကလေးများအား ပညာရေးဖြင့်ဘဝမြင့်တင်ပေးရန်ဖြစ်သည်။ ထိုမိဘမဲ့ကလေးများကို အစပိုင်း၌ ကာမဲလ်လိုက် သီလရှင်များ၏အုပ်ထိမ်းမှုအောက်တွင်ထားရှိခဲ့သော်လည်း ၁၇၈၁ ခုနှစ်တွင် အာနားမားနှင့် ဧလိဇားမား ဆိုသူ အမျိုးသမီးနှစ်ဦးအားခန့်အပ်ပြီး မိဘမဲ့ကလေးများကို ကြည့်ရှုစောင့်ရှောက်စေခဲ့သည်။

ဤထူးခြား မြင့်မြတ်သော အစေခံခြင်းအမှုတော်အတွက် မိမိတို့ကိုယ်ကို အပ်နှံခြင်းအထိမ်းအမှတ်အဖြစ် မာသာရ်အာနားမားနှင့် ဧလိဇာမားတို့သည် ဆာရီအဖြူများကိုဝတ်ဆင်ကြသည်။ တိုတောင်းလှသော အချိန်အတွင်း၌မုဆိုးမများနှင့် မိဘမဲ့ကလေးများတို့၏ အရေအတွက်သည် တိုးတက်များပြားလာသည်ဖြစ်၍ မိဘမဲ့ဂေဟာကိုမူလနေရာမှ ဘိတ်အရာမင်းလမ်းရှိ ကျယ်ပြန့်သော အဆောက်အဦးတစ်ခုသို့ ရွှေ့ပြောင်းခဲ့ရသည်။ ထိုမိဘမဲ့ဂေဟာ ရပ်တည်ရေးအတွက် လိုအပ်သောငွေကို ဘုန်းတော်ကြီး အန်ဆဲလ်ဒိုးလ်သည် ၎င်း၏ပွန်ဒီချယ်ရီသာသနာရှိ စပါးစိုက်ပျိုးရေးမှရရှိသည့် ဝင်ငွေမှအသုံးပြုခဲ့သည်။ သို့သော် ထိုဝင်ငွေသည် လုံလောက်မှုမရှိခဲ့ချေ။ သို့တိုင်အောင်ဘုရားရှင်၏ကျေးဇူးတော်သည် ဖာသာရ်အန်ဆဲလ်ဒိုးလ်နှင့် အစဉ်ရှိသည်ဖြစ်၍ သဒ္ဒါရက်ရောသော အလှူရှင်များ၏ အကူအညီဖြင့် ထိုအဖွဲ့အစည်း၏ လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်ခဲ့သည်။

ဖာသာရ်အန်ဆဲလ်ဒိုးလ်သည် ၎င်း၏လေးနက် တည်ကြည်သောစိတ်ဓာတ်နှင့် အုပ်ချုပ်မှုဆိုင်ရာ အရည်အချင်းများကြောင့် မဒရပ်စ်သာသနာနယ်၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ မဒရပ်စ်မြို့ရှိ ကာပူချင်းဘုန်းတော်ကြီးများရှိရာသို့ သာသနာနှင့်ဆိုင်သော အလည်အပတ်သွားရောက်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ မဒရပ်စ်မြို့၌ရှိနေစဉ် ဖာသာရ်သည် မကျန်းမမာဖြစ်ကာ (၁၈၀၅)ခုနှစ်၊ နိုဝင်ဘာ(၂)ရက်နေ့၊ သက်တော် (၆၇)နှစ်တွင် ပျံလွန်တော်မူခဲ့သည်။ ဘုန်းတော်ကြီး မိုက်ကယ်အန်ဆဲလ်ဒိုးလ်သည် နှစ်ပေါင်း (၄၀)မျှ ဤအဖွဲ့အစည်းလေးအား အုပ်ချုပ်ကွပ်ကဲ လမ်းညွှန်မှုများ ပေးခဲ့သည်။

ဖာသာရ်မိုက်ကယ်အန်ဆဲလ်ဒိုးလ်သည် ဝိညာဉ်ကယ်တင်ရေးလုပ်ငန်းများတွင် ဇွဲထက်သန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ သာသနာ လုပ်ငန်း၌ မိမိကိုယ်ကိုအပြည့်အဝဆက်ကပ်ထားသူတစ်ဦးဖြစ်သည်။ သူ၏အထူး ပေါ်လွင်သောဝိညာဉ်ရေးရာ လုပ်ဆောင်ချက်များမှာ ဝိညာဉ်များကယ်တင်ရေးအတွက် စိတ်၊ ဇွဲထက်သန်ခြင်းနှင့် အခက်အခဲများ၌ ရင်ဆိုင်နိုင်သော သူရဲကောင်းစိတ်ဓာတ်တို့ပင် ဖြစ်သည်။

ဖာသာရ်မိုက်ကယ်အန်ဆဲလ်ဒိုးလ် ပျံလွန်တော်မူ ပြီးနောက် (၁၈၂၆)ခုနစ်တွင် ဖာသာရ်မန်နဲတေမှ ဤအဖွဲ့အစည်းလေးကို ဆက်လက်တာဝန်ယူခဲ့ပြီး (၁၈၃၉) ခုနှစ်တွင် ဘုန်းတော်ကြီးလာအိုဟေးမှ ဆက်လက်တာဝန်ယူ ကြည့်ရှုခဲ့သည်။ ထိုဘုန်းတော်ကြီးလက်ထက်တွင် အသင်းဂိုဏ်းသည် ပိုမိုတိုးတက်လာသည့်အပြင် အဖွဲ့ဝင်များများပြားလာ၍ စိန်အန်ဂဲလမ်းရှိ အဆောက် အဦးတစ်ခုသို့ ရွှေ့ပြောင်းခဲ့ရသည်။ ယခုအခါ ထိုနေရာတွင် အသင်းဂိုဏ်း၏ ဌာနချုပ်ကိုဖွင့်လှစ် ထားသည်။

၁၈၅၄ ခုနှစ်မှစ၍ ထိုအဖွဲ့အစည်းလေးတွင် ပါဝင်သော အရွယ်ရောက်ပြီး မိန်းကလေးများနှင့် မုဆိုးမများတို့သည် ဆုတောင်းခြင်း၊ ဆင်းရဲသား ကလေးများအားအစေခံ၍ ကူညီစောင့်ရှောက်ခြင်းများကို ပိုမိုစိတ်အားထက်သန်စွာ ပြုလုပ်လာခဲ့ကြပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အားဆက်ကပ်ကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော အဖွဲ့အစည်းလေးအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ဘုန်းတော်ကြီး လာအိုတေ၏ ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် အသင်းဂိုဏ်းသည် Diocesan အသင်းဂိုဏ်းတစ်ခုအဖြစ်သို့ ၁၈၅၈ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ရရှိခဲ့သည်။ အသင်းဂိုဏ်းကိုလည်း ရဟန္တာဖရန်စစ်အာစီစီ၏ တတိယဂိုဏ်းဝင်အဖြစ် ခံယူကာ စည်းမျဉ်းဥပဒေနှင့် ကျင့်စဉ်များကို ကျင့်ကြံစေခဲ့ပြီး ရဟန္တာအလွိုက်ရှက်စ်ကို အသင်းဂိုဏ်းအားကာကွယ်စောင့်ရှောက်သော ရဟန္တာ အဖြစ် သတ်မှတ်ခဲ့သည်။ တစ်ဆက်တည်းမှာပင် Novitiate ကိုလည်း ဖွင့်လှစ်ခဲ့ပြီး အသင်းဝင်သီလရှင်များအား ကတိသစ္စာ(၃) ပါးကို ခံယူစေခဲ့သည်။ ထိုအချိန်မှစ၍ ဤသူတော်စင်အဖွဲ့အစည်းလေးသည် ဧဝံဂေလိတရားတော်နှင့်အညီ ခေတ်သမယ၏ အခြေအနေအလိုက် အကူအညီလိုအပ်နေသူများကို လူမျိုး၊ အဆင့်အတန်း၊ ဘာသာမရွေးကူညီပေးနိုင်သည့်အဆင့်သို့ တိုးတက် ရောက်ရှိလာခဲ့သည်။ အထွေထွေ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘုန်းတော်ကြီး လေဂျီအို လက်ထက်တွင် အသင်းဂိုဏ်းကို တရားဝင်အသိအမှတ်ပြုပေးရန် မွန်ဆီညော် လောဗဲရန် (The Vicar Apostolic of Pondicherry) မှတဆင့် ရဟန်း မင်းကြီးထံ လျှောက်ထားရာ ၁၈၈၆ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ရဟန်းမင်းကြီး တေရသမြောက် လေအိုမှ "Franciscan Sisters of St. Aloysious Gonzaga" အသင်းဂိုဏ်း အဖြစ် အသိအမှတ်ပြုခဲ့သည်။

၁၉၁၆ ခုနှစ်တွင် ဘုန်တော်ကြီး အေဘဲလ်ကမ်းသည် ဆက်လက်တာဝန်ယူဦးဆောင်ခဲ့ပြီး ကွန်ဗင့်ကျောင်းများစွာကို ဖွင့်လှစ်ကာ တမန်တော်လုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာခဲ့သည်။

စိန့်အလွိုက်ရှက်သီလရှင်အသင်း၏ အဓိကရည်ရွယ်ချက်မှာ မိဘမဲ့ကလေးများကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ ပျက်စီးသွားသော အမျိုးသမီးငယ်များအား ထိန်းသိမ်းကြည့်ရှုခြင်း၊ ဒုက္ခိတများနှင့်ခိုကိုးရာမဲ့ဖြစ်နေသော အဖွားအိုများအား ပြုစုစောင့်ရှောက်ပေးခြင်း နှင့် ခရစ်တော်သည် လူသားအားလုံးတို့၏ ကယ်တင်ရှင်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်သည်။

ထို့အပြင် ဂိုဏ်းချုပ်မာသာရ်အယ်လ်စီမာရီယာ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်မှ ဤအသင်းဂိုဏ်းကို ပုပ်ရဟန်းမင်းကြီး၏ အသိအမှတ်ပြုအသင်းဂိုဏ်းအဖြစ် တိုးမြှင့်ပေးခဲ့သည်။

အီတလီနိုင်ငံသားဘုန်းတော်ကြီး မိုက်ကယ်အန်ဆဲလ်ဒိုးလ် မျိုးစေ့ချပေးခဲ့သော စိန့်အလွိုက်ရှက် သီလရှင်များသည် အိန္ဒိယနိုင်ငံအတွင်းမှာသာမက ၁၉၂၉ ခုနှစ်တွင် မြန်မာပြည်သို့လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် ဂျာမဏီနှင့် ၁၉၉ဝ ခုနှစ်တွင် အီတလီနိုင်ငံများသို့သွား ရောက်လျှက် တမန်တော်လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။

စိန့်အလွိုက်ရှက်စ် ဂွန်ဇွန်ဇါဂါသီလရှင်များသည် မိမိတို့တစ်ဦးစီ၏ဝိညာဉ်သန့်ရှင်းစင်ကြယ်စေရန် ကြိုးစားအားထုတ်ခြင်း၊ အမျိုးသမီးများအား ဘာသာရေးပညာပေးခြင်းနှင့် ဆင်းရဲနွမ်းပါးသောကလေးငယ်များအား ကြည့်ရှုစောင့်ရှောက်ပေးခြင်း စသည့် တမန်တော်လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် ဘုရားရှင်၏ဂုဏ်တော် တိုးပွားစေရန် မိမိတို့၏ အသက်တာကို ဘုရားရှင်အား ရက်ရောစွာ ဆက်ကပ်အပ်နှံသူများဖြစ်သည်။

အသင်းဂိုဏ်း စတင်တည်ထောင်ချိန်မှစ၍ အသင်းဂိုဏ်းကြီးသည် အမျိုးမျိုးသော အချိန်ကာလများနှင့် အခြေအနေများ၌ အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည်။ ယနေ့အချိန်အခါတွင်မူကား ကျွန်မတို့၏စိန်အလွိုက်ရှက်ဂွန်ဇာဂါ သီလရှင်အသင်းဂိုဏ်းကြီးသည် သမ္မာကျမ်းစာတော်မြတ်၏ သွန်သင်ချက်၊ ဒုတိယအကြိမ် ဗာတီကန်အစည်းအဝေးကြီး၏ လမ်းညွှန်ချက်များနှင့်အညီ “ဆင်းရဲသားတို့အား ဝမ်းမြောက်ဖွယ်သတင်းကိုဟောကြားခြင်း” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုလျှက် ဆင်းရဲသားတို့အား အစေခံရင်း၊ ဝိညာဉ်များကိုကယ်တင်ရင်း၊ ခရစ်တော်၏ သာသနာလယ်ကွင်းတော်၌ တမန်တော်လုပ်ငန်းများကို အားကြိုးမာန်တက်ပါဝင် ဆောင်ရွက်လျက်ရှိနေပါသည်။

(၁) အသင်းဂိုဏ်း၏ဆောင်ပုဒ် - ဆင်းရဲသားတို့အား ဧဝံဂေလိတရားကို ဟောကြားခြင်း။

(၂) အသင်းဂိုဏ်း၏ရည်ရွယ်ချက် - ကျွန်ုပ်တို့ လူ့ဘောင်အဖွဲ့အစည်းတွင်ရှိသော အတိဒုက္ခရောက်နေသူများ၊ အထူးသဖြင့် ဆင်းရဲသားများ၊ ဖိနှိပ်ခံလူတန်းစားများ၊ စွန့်ပစ်ခြင်းခံရသောအမျိုးသမီးများနှင့် ခိုကိုးရာမဲ့ကလေးများစသည့် လူတန်းစားများအတွက် ချစ်ခြင်းမေတ္တာကို ပြသလျှက် ပြည့်ဝသော အသက်တာကို ဆောင်ကြဉ်းပေးရန်ဖြစ်သည်။

(၃) စိတ်ဓါတ် - စိန့်အလွိုက်ရှက်၏ သန့်ရှင်းစင်ကြယ်ခြင်းနှင့် မိမိကိုယ်ကို ခြိုးခြံခြင်း၊ စိန့်ဖရန်စစ်အာစီစီ၏ လောကနှင့်ဆိုင်သော အရာများကို စွန့်ပစ်ခြင်းနှင့် ဆင်းရဲခြင်းများကို လိုက်ကျင့်ခြင်းအားဖြင့် ခရစ်တော်၌ ပြည့်ဝသော ပျော်ရွှင်မှုကို ရယူနိုင်ရန်။

(၅) အသင်းဂိုဏ်း၏သင်္ကေတ -

- သခင်ယေဇူး၏လက်တော်၊ ကျွန်ုပ်၏လက်၊ ခရူးစူးနှင့် နှင်းပန်း။

-သခင်ယေဇူးသည် သူ၏လက်တော်ကို ဆန့်တန်း၍ကျွန်ုပ်အား ခေါ်တော်မူသည်။ ကျွန်ုပ်သည် မိမိလက်ကိုပေး၍ ကိုယ်တော်၏ခေါ်သံကိုထူးကာ နောက်တော်ကို လိုက်ပါမည်။ ခရူးစူးတိုင်သည် ဆက်ကပ်ခြင်း အသက်တာကိုဖေါ်ပြ၍ နှင်းပန်းသည် သန့်ရှင်းစင်ကြယ်ခြင်းကို အဓိပ္ပာယ်ဆောင်သည်။

#စိန့်အလွိုက်ရှက်စ် သီလရှင်များ မြန်မာပြည်သို့ ရောက်ရှိလာခြင်းနှင့် လက်ရှိအခြေအနေ

မန္တလေးဆရာတော် Bishop Govias လက်ထက်တွင် Rev. Fr. Alexander အိန္ဒိယပြည်ရှိ စိန်အလွိုက်ရှက်စ် သီလရှင်များအား မြန်မာပြည်တွင် သာသနာပြုရန်အတွက်ဖိတ်ခေါ်ခဲ့ရာ Mother Louis ဦးဆောင်လျက် Mother Getrude, Sr. Agatha နှင့် Sr. Virginia လေးပါးတို့သည် မြန်မာပြည်မန္တလေးမြို့သို့ သက္ကရာဇ် ၁၉၂၉ ခုနှစ်တွင် စတင်ရောက်ရှိလာခဲ့ကြပါသည်။ ၎င်းတို့အား သာသနာမှ စိန့်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်းအနီး ၂၈လမ်း၊ ၇၅ × ၇၆ ကြားတွင် ကွန်ဗင့်ကျောင်းတစ်ခု ဖွင့်လှစ်ပေး၍ သာသနာလုပ်ငန်းကိုစတင်ဆောင်ရွက်စေခဲ့သည်။ ထိုအချိန်တွင် စိန့်ဖရန်စစ်ဇေးဗီးယားသာသနာအုပ်စု၌ တမီးလ်ဘာသာသူများသာ အများစုဖြစ်၍ ထိုဘာသာသူကလေးများအား တမီးလ်စာသင်ပေးရန်ရည်ရွယ်ချက်ဖြင့် စိန့်အလွိုက်ရှက်စ်သီလရှင်များအား မန္တလေးမြို့သို့လာပြီး သာသနာပြုရန်အတွက် ဘုန်းတော်ကြီး Fr. Alexander မှ ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါသည်။

ပထမဦးဆုံး အကြိမ်ရောက်ရှိလာသော အဆိုပါသီလရှင်များသည် စိန်ဇေးဗီးယားစာသင်ကျောင်း (ယခု အ.ထ.က−၁၆)တွင် စာသင်ပေးခြင်း၊ ဘုရားကျောင်းလုပ်ငန်းများကို တာ၀န်ယူလုပ်ကိုင်ခြင်း၊ ဘုရားစကားသင်ကြားပေးခြင်း၊ ဘာသာသူများအား လှည့်လည်ကြည့်ရှုအားပေးခြင်းစသည့်တမန်တော်လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြသည့်အတွက် နန်းရှေ့ရှိ တမီးလ်လူမျိုး ကလေးများအား ဘုရားစကားသင်ပေးရန်နှင့် တမီးလ်စာသင်ပေးရန် ထပ်မံတာဝန်ပေးခြင်းခံခဲ့ရသဖြင့် သာသနာမှ မြေနေရာဝယ်ပေးပြီး ဘုရားကျောင်းဆောင် ဆောက်ထားသည့် နန်းရှေ့စိန့်အန်ထော်နီ ဘုရားကျောင်းငယ်လေး၌ စစ္စတာရ်များခွဲ၍ တမန်တော်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြရသည်။

မြန်မာပြည်သို့ စတင်မျိုးစေ့ချခဲ့သော စစ္စတာရ်လေးပါးတို့သည် အောင်မြင်သောမျိုးစေ့များဖြစ်၍ ရှင်သန်ကြီးထွားခဲ့ပါသည်။ ၎င်းတို့၏ ကြိုးစားမှုကြောင့် တိုးတက်မှုများတွေ့ရှိကြားသိရသောအခါ အိန္ဒိယပြည်မှသီလရှင်ငါးပါးကို မြန်မာပြည်သို့ ထပ်မံစေလွတ်ပေးခဲ့ပြန်ပါသည်။ ထိုသီလရှင် ငါးပါးတို့၏ အမည်များမှာ Mother Providence, Sr. Pauline, Sr. Christina, Sr. Hellen နှင့် Sr, Agnes တို့ဖြစ်ကြပါသည်။

ယခင်က မြန်မာပြည်သို့ ရောက်ရှိနေပြီးကြသော သီလရှင်လေးပါးနှင့် ထပ်မံရောက်ရှိလာကြသော သီလရှင်ငါးပါး၊ စုစုပေါင်း ကိုးပါးတို့သည် မန္တလေးမြို့ တွင်နေထိုင်ကာ မန္တလေးသာသနာတော်၌ တမန်တော်လုပ်ငန်းများကို ကြိုးစား၍လုပ်ကိုင်ခဲ့ကြသည်။ ထိုအချိန်ကာလသည် စစ်ကာလဖြစ်သဖြင့် သီလရှင်များသည်အခက်အခဲများ ရှိခဲ့ကြသော်လည်း ဇွဲမလျော့ခဲ့ကြပေ။ ပထမဦးဆုံး ရောက်ရှိခဲ့ကြသော သီလရှင်များထဲမှငါးပါးသည် မြန်မာပြည်တွင်အသက်စွန့်ခဲ့ကြသည်။ စစ်အတွင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းကို တာဝန်ယူလုပ်ကိုင်ကြသော သီလရှင်နှစ်ပါးမှာ သောကြာနေ့ကြီးတွင် ဗုံးဒဏ်ကြောင့် ဘုရားကျောင်းအတွင်း၌ပင် မီးလောင်သေဆုံးခဲ့ကြသည်။ ၎င်းတို့၏ရုပ်ကြွင်းများကိုပြန်လည်မရရှိခဲ့ပါ။ သင်္ကန်းစအနည်းငယ်နှင့် ၎င်းတို့၏စိတ်ပုတီး မီးမလောင်ကြောင်းကိုသာသိရှိခဲ့ရသည်။ ၎င်းတို့၏ရုပ်ကြွင်းများကို ဘုရားကျောင်းအနောက်ဖက်တွင် ကျင်းတူး၍ မြှုပ်နှံခဲ့ကြရသည်။

သက္ကရာဇ် ၁၉၃၉ ခုနှစ်တွင် Bishop A. Failere လက်ထက်တွင် Rev. Fr. Mordrail ၏ဖိတ်ခေါ်ချက်ဖြင့် ပြင်ဦးလွင်မြို့ စိန့်မေရီစာသင်ကျောင်း (ယခု အ.လ.က-၃) တွင် တာဝန်ယူစာသင်ပေးရန်နှင့် ဘုရားကျောင်းလုပ်ငန်း၊ ဘုရားစကားသင်ပေးခြင်းများ ပြုလုပ်ပေးရန် ပြင်ဦးလွင်မြို့သို့ရောက်ရှိလာခဲ့ကြပြီး ရွှေစည်းခုံဘုရားလမ်းရှိ ရွှေစည်းခုံဘုရားအနီး လမ်းဒေါင့်တွင် သစ်သားအိမ်ငယ်လေးဆောက်၍ သီလရှင်ကျောင်းအဖြစ်ဖွင့်လှစ်နေထိုင်ခဲ့ကြပါသည်။

မြန်မာပြည်သို့ ရောက်ရှိလာသောသီလရှင်များထဲမှ မြန်မာပြည်အတွက်ပထမဆုံး အကြီးအကဲမှာ Mother Louis ဖြစ်ပြီး ၎င်းနောက် Mother Providence က ဆက်လက် တာဝန်ယူခဲ့ပြီး Mother Providence အိန္ဒိယသို့ ပြန်သွားပြီးနောက် Mother Gertrude မှ ၁၉၈၀ ခုနှစ်အထိ တာဝန်ယူအုပ်ချုပ်ခဲ့ပါသည်။ Mother Gertrude ၏ ထက်သန်သောဖွဲ၊ မြန်မာပြည် တမန်တော်လုပ်ငန်းကို မြတ်နိုးမှု၊ သူမနှင့်အတူရှိနေသော သီလရှင်များအပေါ်ထားရှိသော မိခင်စိတ်ဓာတ်၊ သူတော်စင်တစ်ဦး၏ စွန့်လွတ်ဆက်ကပ်မှု၊ အခက်အခဲများကိုခံထမ်းနိုင်သောသူရဲကောင်းစိတ်ဓာတ်၊ သာသနာပြုတစ်ဦး၏တည်ကြည်မှု၊ ကိုယ်ကျိုးစွန့်မှုစသော ကောင်းမြတ်သည့် အချက်များကြောင့်လည်း အမိမြန်မာမြေကြီးပေါ်တွင် စိန့်အလွိုက်ရှက်စ် သီလရှင်များဆက်လက်တည်ရှိ နေရခြင်း ဖြစ်ပါသည်။

အိန္ဒိယမှ သီလရှင်များသည် မြန်မာပြည်သို့ ၁၉၂၉ ခုနှစ်တွင် စတင်ရောက်ရှိခဲ့သော်လည်း ပြည်တွင်းမှ ခေါ်တော်မူခြင်းခံရသူ အမျိုးသမီးလေးများအတွက် သီလရှင်ဖြစ်သင်ကျောင်းကို ၁၉၅၅ မတိုင်မီအထိ မဖွင့်လှစ်နိုင်ခဲ့ချေ။ ၁၉၅၅ ခုနှစ်ရောက်မှသာ ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ကာဒီနယ် Martin Lucas မြန်မာပြည်သို့ ရောက်ရှိလာချိန် Rev. Fr. Xavier ၏ အကူအညီနှင့် တောင်းခံပေးမှုကြောင့် ခွင့်ပြုချက်ရရှိပြီး ၁၉၅၆ ခုနှစ်တွင် မန္တလေးသာသနာမှ ဘုန်းတော်ကြီး Rev. Fr. Xavier သည် Rector အဖြစ် တာဝန်ယူပြီး သီလရှင်ဖြစ်သင်ကျောင်းကိုဖွင့်လှစ်ပေးခဲ့သည်။ မြန်မာပြည်မှသီလရှင်ဖြစ်ရန် အသင်းဂိုဏ်းသို့စတင် ဝင်ရောက်လာသူမှာ Sr: Alphonsa Mary ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးကာလ နောက်ပိုင်းတွင် အိန္ဒိယနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး အသင်းဂိုဏ်းကို မြန်မာပြည်တွင် Rev. Fr. Xavier မှ ဆက်လက်တာဝန်ယူ ကြည့်ရှုပေးခဲ့သည်။

၁၉၆ဝ ခုနှစ်နောက်ပိုင်းတွင် စာသင်ကျောင်းများ ပြန်လည်သိမ်းယူခြင်း ခံရပြီးသည့်နောက် သီလရှင်များအတွက် အခက်အခဲများကြုံတွေ့ရသော်လည်း Fr. Xavier ၏အကူအညီဖြင့် ဆက်လက်ရှင်သန်ခဲ့ရပြန်ပါသည်။ Fr. Xavier သည် စိန့်အလွိုက်ရှက်စ် သီလရှင်အသင်းဂိုဏ်း အမိမြန်မာမြေပေါ်တွင် ဆက်လက် ရှင်သန်ကြီးထွားရန် ပြန်လည်အသက်သွင်းပေးသော ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်အပ်ပေသည်။

၁၉၇၀ နောက်ပိုင်းကာလတွင် လားရှိုးသာသနာ ဂိုဏ်းအုပ်ဆရာတော် ဂျော့ဆလင်းမှစတင်၍ ကျောင်းခွဲများဖွင့်လှစ်ရန် ဖိတ်ခေါ်ခဲ့သဖြင့် မန္တလေးနှင့်ပြင်ဦးလွင်မြို့အပြင် အခြားသာသနာသို့ တမန်တော်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့ပါသည်။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကိုစတင်၍ တမန်တော်လုပ်ငန်းလုပ်ရန် တာဝန်ပေးခဲ့ပြီး ထိုနေရာ၌ဘော်ဒါကျောင်းနှင့် စက်ချုပ်သင်တန်းကျောင်းကို ဦးစီးစေခဲ့ပါသည်။ ၎င်းနောက် နောင်ချိုအနီးစခန်း၊ တန့်ယန်း စသည့်နေရာများသို့ ဖိတ်ခေါ်၍ တမန်တော်လုပ်ငန်းများ လုပ်ကိုင်စေခဲ့ပါသည်။ ဤသို့အားဖြင့် ဘုရားသခင်၊ ကျေးဇူးတော်နှင့် စိန့်အလွိုက်ရှက်စ်သီလရှင်များသည် ဆင်းရဲသားများအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်း များကို ဝေမျှခွင့် ရရှိခဲ့ကြရပြန်ပါသည်။

အမိမြန်မာမြေပေါ်တွင် အသင်းဂိုဏ်းပြန်လည်ရှင်သန်ပြီး အသင်းဂိုဏ်း၏ဆောင်ပုဒ်နှင့်အညီ လုပ်ကိုင်နိုင်ရန် အားပေးခဲ့ကြသူ များတွင် ဆရာတော် ဂျော့ဆလင်းနှင့် ဆလေးရှင်းဘုန်းတော်ကြီးများ ပါဝင်ကြပါသည်။ ယခုထက်တိုင်လည်း ဆရာတော်ကြီး ချားစ်ဘိုနှင့် Fr. Cyril တို့မှ လိုအပ်သည်များကို အကြံပေးသည့်အပြင် မေတ္တာတရားဖြင့်လည်း အသင်းဂိုဏ်းတိုးတက်ရာ တိုးတက်ကြောင်း အကူအညီများ ပေးနေပါသည်။

၁၉၈၀ မှ ၁၉၉၆ ခုနှစ်အထိ အသင်းဂိုဏ်း၏ အုပ်ချုပ်ရေးတာဝန်ကို Rev. Mother Rosey Joseph မှ တာဝန်ယူခဲ့ပါသည်။ သူမ၏အချိန်ကာလတွင်လည်း အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း Mother Rosey ၏ ခိုင်မာသောစိတ်၊ ထက်သန်သောယုံကြည်ခြင်း၊ ကောင်းသောပုံသက်သေ၊ သည်းခံနှိမ့်ချခြင်း စသောပါရမီတို့ဖြင့် အသင်းဂိုဏ်းကို ရှေ့သို့ပို့ဆောင်ပေးခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်တွင် Sr. A. Cecilia ဆက်လက်တာဝန်ယူခဲ့ပြီး ၁၉၉၉ မှ ယခု ၂၀၀၄ ခုနှစ်အထိ Rev. Sr. Mary Gloria မှ Provincial အဖြစ် တာဝန်ယူနေပါသည်။

အိန္ဒိယမှ Mother General တောင်းဆိုချက်အရ စိန့်မေရီကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်ခဲ့သော Fr. Peter Hla Shwe (မန္တလေးသာသနာ) သည် သီလရှင်များ၏ ဝိညာဉ်ရေးရာ လိုအပ်သည်များကို ကူညီပေးလျက်ရှိပါသည်။

အသင်းဂိုဏ်းကို စိတ်ဝင်စား၍ သီလရှင်များကို အားပေးကူညီပေးသည့် ပုဂ္ဂိုလ်များတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ အနားယူသွားပြီဖြစ်သော ဂိုဏ်းချုပ်ဆရာတော် အာလ်ဖုန်းဦးသန်းအောင်သည်လည်း အဓိကနေရာတွင်ပါဝင်ခဲ့ပါသည်။ ဆရာတော်ဘုရားသည် ၎င်း၏မန္တလေးဂိုဏ်းချုပ်သာသနာတွင် သီလရှင်များအား တမန်တော်လုပ်ငန်းများလုပ်ကိုင်ရန်နေရာ ပေးခဲ့သည်သာမက ချင်းပြည်နယ်၊ ဟားခါးသာသနာ တွင်လည်း စိန့်အလွိုက်ရှက်စ်သီလရှင်များ တမန်တော်လုပ်ငန်း လုပ်ကိုင်နိုင်ရန် ခမ်းပတ်၊ တမူး စသည့် နေရာများကို နေရာပေးလုပ်ကိုင်ရန် တောင်းဆိုပေးခဲ့ပါသည်။

၁၉၂၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်တိုင်အောင် (၇၅)နှစ် တာကာလသည် စိန့်အလွိုက်ရှက်စ်သီလရှင်များအတွက် အမိမြန်မာမြေပေါ်တွင် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုမိမိတို့နှင့် ထိတွေ့သူများအားခံစားခွင့်ရရှိအောင် အသင်းဂိုဏ်း၏ဆောင်ပုဒ်နှင့်အညီ “ဆင်းရဲသားတို့အား ဝမ်းမြောက်ဖွယ်သတင်းကို ကြားပြောခြင်းဖြင့် အသင်းဂိုဏ်းတည်ထောင်သူ ဖခင်ကြီး “ဖာသာရ် မိုက်ကယ်လ် အန်ဆဲလ်ဒိုးလ်S.J" ၏ စိတ်ဓာတ်ကို မွေးမြူလျက် အမိအသင်းတော်ကြီးအား အစေခံလျက်ရှိပါသည်။

အသင်းဂိုဏ်းတွင် သီလရှင်များဦးရေသည် အချိန်ကာလနှင့်နိုင်းစာလျှင် နည်းကောင်းနည်းနေလိမ့်မည်။ သို့သော်လည်း မိမိတို့သည် ကျရာကဏ္ဍမှနေ၍ အောက်ပါသာသနာများနှင့် နေရာများတွင် ရိုးသား၊ နိမ့်ချစွာ အမှုတော်မြတ်ကိုထမ်းဆောင်နေကြပါသည်။ စိန့်အလွိုက်ရှက်စ်သီလရှင်များ အမှုတော်ဆောင်ရာ သာသနာများနှင့် နေရာများမှာ ...

#မန္တလေးဂိုဏ်းချုပ်သာသနာတွင် - မန္တလေးမြို့ချောင်းဦးမြို့မိတ္ထီလာမြို့၊ သာစည်မြို့၊ ပြင်ဦးလွင်မြို့ (မိခင်ဌာနချုပ်နှင့် သင်တန်းကျောင်း)
#ဟားခါးသာသနာတွင် - ကလေးမြို့ဝမ်းပတ်မြို့တမူးမြို့
#လားရှိုးသာသနာတွင် - လားရှိုးမြို့ကွမ်းလုံမြို့ကျောက်မဲမြို့ နောင်ချိုမြို့
#ပြည်သာသနာတွင် - တောင်ကုတ်မြို့လေးအိမ်စုကျေးရွာ စသည့်နေရာများ ဖြစ်ပါသည်။
#(၁၉၂၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်တိုင်အောင် (၇၅)နှစ်မြောက် ဂျူဘီလီမဂ္ဂဇင်းမှ ကူယူဖော်ပြသည်။

2023 လက်ရှိမြန်မာပြည် အကြီးအကဲ Sr. Maria Eulalia, FSAG

 

 

Good Shepherd Myanmar

17.7.2020(သောကြာနေ့)မနက်ပိုင်းတွင်
ကောင်းသောသိုးထိန်းမြန်မာဖောင်ဒေးရှင်းမှ
​ေဝဘောဂီဆေးရုံရှိ COVID ကူးစက်ခံနေရသော
ညီအစ်ကိုမောင်နှမများအတွက် နိ့မှုန့်၊ မိုင်လိုနှင့် ကျောင်းရှိညီမငယ်တွေကိုယ်တိုင်ပြုလုပ်ထားသော ပေါင်မုန့်ကိုသွားရောက်လှူဒါန်းပေးပါသည်။
Crd.

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ ရွှေစင်ဂျူဘီလီခံယူခြင်း

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ ရွှေစင်ဂျူဘီလီရှင်များဖြစ်ကြသော 1. Mother Margarita Mudu Jean (ယာဒိုတိုက်နယ် ၊ကာပရုကျေးရွာ) 2.Mother Bibiana Hedwing(မောင်ဘလော့တိုက်နယ်၊ မောင်ဘလော့ကျေးရွာ)နှင့် 3.Mother Anastasia Brigid ( ကျေးကတော့တိုက်နယ်၊တောပုန်းအထက်ကျေးရွာ)တို့၏ ဂျူဘီလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို တောင်ငူထီးနီကုန်း၊ စိန့်ဂျွန်းကွန်ဗင့်သီလရှင်ကျောင်း၌ တောင်ငူသာသနာ၊ လက်ထောက်ဆရာတော်ကြီး ဂျွန်စောကောဒီမှ ဦးဆောင်ဦးရွက်ပြုကာ ရဟန်းတော်(၁၅)ပါးတို့ ပါဝင်တင်လှူပူဇော်ပေးခဲ့ကြပါသည်။

Missionaries of St. Paul (သာသနာပြုစိန့်ပေါလ် အသင်းဂိုဏ်း) မှ ရဟန်းတော်သစ် Fr. Celestine Sa Tiwu သည် ၂၅.၁.၂၀၂၁ ရက်နေ့ နံနက် ၇း၃၀နာရီတွင် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ရဟန်းမင်းအမတ်ကာဒီနယ် ချားလ်စ်ဘိုနှင့် လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၏လက်တော်မှ ထာဝရ ရဟန်းသိက္ခာတော်မြတ်ကို ခံယူခဲ့ပါသည်။Fr. Celestine Sa Tiwu သည် စိန်မေရီသာသနာ(မြွေဟောက်ချောင်း)၊ ကြက်ရိုးချောင်း​​ေကျးရွာမှ အဖ ပေါလူး မန်းတင်ဝင်း၊ အမိ အာနား ဒေါ်ချောတို့၏ သားသမီး (၅)ဦးအနက် တတိယမြောက်သားရတနာဖြစ်ပါသည်။ဘုရားရှင်ရွေးကောက်တော်မူသော ရဟန်းသစ်အတွက် ဘုရားရှင်အားကျေးဇူးတင်ရင်း ရဟန်းသစ်အား ဂုဏ်ပြုခြင်းနှင့်အတူ ဝိုင်းဝန်းကာဆုတောင်းပေးကြပါစို့။
Untitled Document
Total viewer: 349836